၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

သာကေတ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ (၁၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှစိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါအားကစားပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းအား ကစားပြိုင်ပွဲအား ထည့်သွင်းကျင်းပမည်ဖြစ်ရာ ဌာနအလိုက်၊ ရပ်ကွက်အလိုက် ယှဉ်ပြိုင်မည့် စာရင်းများ၊ ပြိုင်ပွဲဝင် စည်းကမ်းချက်များ၊ ပြိုင်ပွဲကျင်းပမည့်နေရာ၊ ဆုချီးမြှင့်အစီအစဉ်တို့အား အသေးစိတ်ဆွေးနွေးရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပမည့် ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲအား ဒီဇင်ဘာလတတိယအပတ်၌ မြို့နယ်အတွင်းရှိ သင့်လျော်သည့် အားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့၊ ပြိုင်ပွဲဝင်ရွေးချယ်ရေးအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးအဖွဲ့၊ ဖိတ်ကြားရေးကော်မတီများဖြင့် စနစ်တကျဖွဲ့စည်း၍ ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)