မိုင်းယောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီက ဝမ်ဒန်နှင့် ကျန်းတောင်းကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက နယ်လှည့်စာကြည့်တိုက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာကြည့်တိုက်စီမံခန့်ခွဲမှု၊ စာကြည့်တိုက်ဝန်ဆောင်မှု၊ စာကြည့် တိုက်များ ခေတ်စနစ်နှင့်အညီ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် တိုးတက်ပြောင်းလဲလာသော စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

ထို့နောက် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသကာ သုတ/ရသစာအုပ်၊ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များ ငှားရမ်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း