ဒဂုံမြောက် ဒီဇင်ဘာလ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်က အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းသည် လူငယ်တွေအသိပညာ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ဖြစ်ကြောင်း၊ လူငယ်များအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်အမှတ်(၁) အခြေခံပညာ အအထက်တန်းကျောင်း လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ရီ၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခင်ခင်ချောတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်သူ(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေး ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်များကို တက်ရောက်လာသော ကျောင်းသား ကျောင်းသူများမှ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)