ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၇
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ်တကျ ငှားရမ်းပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မ ဈေးအတွင်းသို့သွားရောက်ပြီး စာဖတ်စာငှား စာပေ ဝါသနာရှင် ဈေးသူ ဈေးသားများအား ယခင်ကငှားရမ်းဖတ်ရှုထားသည့် စာအုပ်စာစောင်များအား ပြန်လည်အပ်နှံစေပြီး ၎င်းတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတရသ စာအုပ်စာစောင်များအား (၇)ရက် ရက်သတ္တပတ်အကြာ ပြန်လည်၍ စနစ်တကျငှားရမ်းပေးခဲ့ကြောင်းသိရသည်။
စာဖတ် စာငှား စာပေဝါသနာရှင် မိဘပြည်သူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတ ရသစာအုပ် စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)