မိုးညှင်းမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေရေး ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မိုးညှင်း ဒီဇင်ဘာ ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက​ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က အသေးစား စက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးအတွက် အသေးစား စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ နည်းပညာနှင့် စျေးကွက်တွင် ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အသေးစားထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုများ ရှိစေရေးအတွက် ဓါတ်ခွဲစမ်းသပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒေသခံအသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ပြန်လည်ဖြည့်စွက်ဆွေးနွေးကြပြီး ထိုဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖြစ်သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ ဝါးအခြေခံလက်မှုထည်သင်တန်း၊ သံဂဟေသင်တန်းနှင့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း စသည့်သင်တန်းများကို စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းဒေသတွင် ဒေသခံပြည်သူများမှ မိရိုးဖလာလုပ်ငန်းများဖြစ်သော ကြိမ်ဖြင့်ပြုလုပ်သည့် လက်မှုထည်များ၊ ဝါးဖြင့်ပြုလုပ်သည့် လက်မှုထည်များ၊ တံမြက်စည်းပြုလုပ်သည့် လက်မှုထည်နှင့် ရိုးရာလက်ရက်ကန်းပြုလုပ်သည့်လက်မှုထည် စသည့်လုပ်ငန်းများ ထွန်းကားလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း (ပြန်/ ဆက်)