မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၄၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ ကျပ် သိန်း ၄၅၀၀ဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

မိတ္ထီလာ ဒီဇင်ဘာ ၃

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၄၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)  ကျပ် သိန်း ၄၅၀၀ ဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။      

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးရေမြောင်းကျောက်စီခြင်းနှင့် ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၈ ရွာ ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ ၁၀ ရွာ၊  သာစည်မြို့နယ်တွင် ကျေးရွာ ၁၃ ရွာနှင့် ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ ၄ ရွာတို့တွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၄၁)ခု၊ ရေရရှိရေးလုပ်ငန်း (၃)ခုနှင့် လမ်းဘေးရေမြောင်းကျောက်စီခြင်း တစ်ခုတို့ကို ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ် သိန်း (၁၀၀)နှင့် ကျေးရွာလူထု၏ လုပ်အားတို့ဖြင့် သြဂုတ်လ တတိယပတ်မှစတင်၍ သက်ဆိုက်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၄၅ ရွာအနက် ကျေးရွာ ၄၀ မှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာ ၅ရွာမှာ ယခုလအကုန်အတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်အတွက်ကြောင့် ကျေးရွာ ၄၅ ရွာမှ အိမ်ခြေ ၇၂၃၉၊ လူဦးရေ ၃၅၉၄၆ ဦးအထိ အကျိုးပြုနိုင်သည့်အပြင် ကျေးရွာများမှာ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေပြီး အဖွဲ့အစည်းနှင့် ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေကာ ကိုယ်တိုင်စီမံခန့်ခွဲတက်သည့် အလေ့အကျင့်များရရှိစေပြီး သဘာဝဘေးများနှင့် ကြုံတွေ့လာပါက တုန့်ပြန်မှုကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)