တာမွေမြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

တာမွေ       ဒီဇင်ဘာ      ၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက်(၅)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့်ဆရာ/ဆရာမများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းမကြီးတစ်လျှောက်မှ ပင်ရွှေညောင်လမ်း၊ ထိုမှတစ်ဆင့် မာလာနွယ်လမ်း၊ လယ်ယာရွှေမြေလမ်းနှင့် အဝေရာလမ်းတို့တစ်လျှောက် ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းများကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)