ပြင်ဦးလွင် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းကျင်းပသော (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါ ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုဇင်သန့်၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်၊ ပြင်ဦးလွင် နာရေးကူညီမှုအသင်းမှဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းမှဥက္ကဋ္ဌ သက်နိုင် (ပြင်ဦးလွင်) တို့က ဖဲကြိုးဖြတ်၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူ ဆရာ/ ဆရာများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်း ဒီဇင်ဘာ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးမှုများအနေဖြင့် ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ/ ဆရာမများက စာပေဆိုင်ရာ ဟောပြောဆွေးနွေးပွဲများအား ထည့်သွင်းဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဖွင့်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူ (၃၀၀) ဦးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ (၅၀) ဦး အပါအဝင် စုစုပေါင်း အင်အား (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )