စဉ့်ကူးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ဆောင်ရွက်

စဉ့်ကူး ဒီဇင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်  လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းတို့ကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ် ၂ ရပ်ကွက်ရှိ မြို့မစျေးနှင့် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာစျေးတို့တွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်များကြုံလာပါက အဆင်သင့်မီးငြှိမ်းသတ်နိုင်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ၊ လျှပ်စစ်မီး၊ လောင်စာဆီမီး၊ သဘာဝမီးဘေးအန္တရာယ်များအား မီးငြှိမ်းသတ်ခြင်း၊  သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေ အနည်းဆုံးဖြစ်အောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့ဇာတ်တိုက် လေ့ကျင့်ပြသကာ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြသခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်အေးစုမွန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းပြည့်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ ဈေးရောင်း/ ဈေးဝယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)