ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ် မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၂

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ် ကျင်းပပြု လုပ်ပေးသည့် မသန်စွမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများနှင့် ပတ်သက်သည့် အရေးကိစ္စသည် လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများနှင့် သက်ဆိုင်သည် သာမက လူ့မှုအသိုင်းအဝန်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် လူမှုဖွံ့ဖြိုးရေးကိစ္စရပ် တစ်ခုဖြစ်ကြောင်း သိမြင်လာစေရေး၊ မသန်စွမ်းသူများအတွက် အတားအဆီးများကို ဖယ်ရှားနိုင်ရေး၊ မသန်စွမ်းသူများသည် လူ့အသိုင်းအဝန်းတွင် တန်းတူပါဝင်ခွင့် ရရှိခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ကြသူများ ဖြစ်လာစေရေး အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရေးနှင့် ယနေ့ပြိုင်ပွဲသည်မသန်စွမ်းသော်လည်း စွမ်းဆောင် နိုင်ကြောင်းပြသနိုင်မည့် စိတ်ဓာတ်ခွန်အားများ ရရှိရေး ဦးတည်ကျင်းပပေးခြင်းဖြစ်ကြောင်း အားပေးတိုက်တွန်း ပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်အားကစားနည်း(၁၄)မျိုးဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်များမှ ပါဝင်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက် အားပေးခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းသူလေးများ၏ မြန်မာ့ရိုးရာ သိုင်းအားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မသန်စွမ်းအားကစားသမားအဖွဲ့များအတွက် တစ်မြို့နယ်လျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆ သိန်း၊ သရုပ်ပြအဖွဲ့များ အတွက် ငွေကျပ် ၃ သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားဆပ်ကော်မတီ အသီးသီးက ဦးဆောင်၍ မသန်စွမ်းအမျိုးအစားအလိုက် အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ ဝှီးချဲမီတာ(၁၀၀)အပြေး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြပြီး ဆုရရှိသူများအား ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဆုများကိုပေး အပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)