အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲကျင်းပ

ဘားအံ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနတို့ ပူးပေါင်းပါဝင်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ခန့်က ဘားအံမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

မသန်စွမ်းသူများ အားကစားပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ ကျင်းပသည့် အားကစားပြိုင်ပွဲသည် ပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်တစ်ခုအဖြစ် ပါဝင်နေသော မသန်သော်လည်းအစွမ်းရှိကြသည့် မသန်စွမ်းများကိုယ်တိုင် ၎င်းတို့၏ စွမ်းရည်ကို ပြသယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို မဓာနမထားဘဲ ယှဉ်ပြိုင်စွမ်းရည်ပြသနိုင်ခြင်းကိုသာ အဓိကထား၍ ပိုမိုတိုးတက်လာရန် ခြေလှမ်းပြင်ကြိုးစားကြစေလိုကြောင်း၊ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပြပွဲပြိုင်ပွဲများမှ တစ်ဆင့် အနာဂတ်ကာလတွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူမှုပတ်ဝန်းကျင်ဖော်ဆောင်နိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်း သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအားလုံး အကျုံးဝင်သောလူ့ဘောင်တစ်ခုကို ဖော်ဆောင်နိုင်ရန် တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးကြရန်နှင့် အနာဂတ်မြန်မာမသန်စွမ်းသူများ၏ အားကစားအစွမ်းပိုမိုတိုးတက် မြင့်မားလာစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဘီးတပ် ကလားထိုင်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပုတ်အပြေးပြိုင်ပွဲတို့တွင် ဆုရရှိကြသူ များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြကာ မသန်စွမ်းကြက်တောင်ရိုက် အားကစား ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများသို့ ပြည်နယ်အတွင်းမှ မသန်စွမ်းအားကစား ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘီးတပ် ကုလားထိုင်အပြေးပြိုင်ပွဲ၊ အာလူးကောက်နှင့်ဘောလုံးပုတ် အပြေးပြိုင်ပွဲများ ထည့်သွင်းကျင်းပ ခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)