မိုးညှင်း ဒီဇင်ဘာ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် စည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီက မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီး ဖြစ်သဖြင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စျေးဆိုင်ခန်းများတွင် ရှေးဦးမီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှုနှင့် အသုံးပြုနိုင်မှု အခြေအနေများ၊ မြို့မစျေးတွင် အရေးပေါ်အချိန်အတွင်း ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးကြွင်းမီးကျန်များ ကျန်မရှိစေရေးနှင့် ပေါက်ကွဲ မီးလောင်နိုင်သည့်ပစ္စည်းများ လောင်စာဆီ သိုလှောင်ထားရှိမှု အခြေအနေတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်မျာနှင့် ကျေးရွာများတွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ညဘက်အချိန်၌ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိနေသည့် စျေးများတွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း