သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဆည်ကုန်ကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ရေသန့်စက်ရုံနှင့် ရေသန့်စက် တည်ဆောက်တပ်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

မိတ္ထီလာ ဒီဇင်ဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယမန်နေ့ ညနေ ၅ နာရီ အချိန်က  ဆည်ကုန်းကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ရေသန့်စက်ရုံနှင့်ရေသန့်စက်တည်ဆောက် တပ်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အမှာစကား ပြောကြားရာတွင် ဆည်ကုန်းကျေးရွာ၏ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဆည်ကုန်းကျေးရွာကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကျယ် ၃လက်မ အနက် ပေ ၇၀ရှိ စက်ရေတွင်း(၅)တွင်းတူးဖော်ခြင်း၊ ဂါလံ (၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ အရှည်ပေ ၄၀၀၀ ရှိ နှစ်လက်မ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အရှည်ပေ ၅၂၈၀ ပေရှိ နှစ်လက်မ ရေပိုက်သွယ်တန်းခြင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့်  1000LPH ရေသန့်စက်တပ်ဆင်ခြင်း၊ ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာတွင် ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းညီညာစွာဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ၎င်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊  အဆိုပါလုပ်ငန်းများ ရေရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းစောက်ရှောက်ပေးရမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးဝေရာတွင် ရေရှည်ဆောင်ရွက်နိုင်ရန် ရေမီတာခများကိုလည်း ဆက်လက်ကောက်ခံရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ရေသန့်စက်ရုံ ရေရှည်လည်ပတ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာလူထုမှ တင်ပြသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှုနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြမှုအပေါ် အမြဲတမ်းအတွင်းဝန်က ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် အကျိုးပြု စိုက်ပျိုးဧကအပေါ် မူတည်၍ ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းကို ကျေးရွာသူကျေးရွာသားများ၏ ဆန္ဒကို ခံယူပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို တင်ပြဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍  အမြဲတမ်းအတွင်းဝန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်း ရန်ပုံငွေ သိန်း ၁၀၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ သိန်း ၁၂၀ တို့ဖြင့် ဆောင်ရွက်ထားရှိသည့်  1000LPH ရေသန့်စက် တပ်ဆင်ခြင်းနှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ရာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် ကုမ္ပဏီမှ တာဝန်ခံတို့က ရေသန့်စက်ဆောင်ရွက်ထားရှိမှု၊ ရေထွက်ရှိမှုနှင့် ရေပေးဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)