ဝမ်းတွင်း ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းကလုပ်ငန်းတာဝန်များအတိုင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် လူမှုဝန်ထမ်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးမှ မြို့နယ်အတွင်း ဆောင်ရွက်နေသော ကလေးသူငယ်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း မူကြမ်းအားတင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော် မတီဥက္ကဋ္ဌမှ ပြန်လည်သုံးသပ်ချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နေ့ကလေးထိန်းမူကြိုကျောင်းမှ တာဝန်ခံနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့် ကလေးအဖွဲ့ဝင်များ၊နှင့် စေတနာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)