တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား  ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နှင့်စရိုက်ဆိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ယနေ့လူငယ်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ယနေ့လူငယ်များသည် အနာဂတ်အတွက်ခေါင်းဆောင်များဖြစ်ကြောင်း၊ အနာဂတ်ခေါင်းဆောင်အဖြစ် လက်ပြောင်းယူမည့်လူငယ်များအနေဖြင့် အသိပညာကိုရနိုင်သမျှ ရှာဖွေထားဖို့လိုအပ်ကြောင်း၊ စာများများဖတ်ဖို့၊ စာများများတွေးဖို့၊ များများသင်ယူဖို့လိုအပ်ကြောင်း ကိုယ်ဘာလုပ်ရမလဲဆိုတာသိစေရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ ကုန်လွန်စေရန်အရေးကြီးကြောင်း၊ ပြုပြင်ပြောင်းလဲမှုဆီကို တွန်းရွှေ့သွားနိုင်ရန် တာဝန်ကိုယ်စီရှိကြောင်း၊ လူငယ်တစ်ဦးတစ်ယောက်ခြင်းစီ၏အားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားကာ(Book Club)အဖွဲ့ဝင် မောင်ဘုန်းပြည့်စုံက လူငယ်နဲ့စည်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်မောင်သက်ပိုင်ဖြိုးက လူငယ်နှင့်စရိုက်ဆိုးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြီးနောက် တက်ရောက်လာသော စာပေဝါသနာရှင်လူငယ်များမှလည်း တစ်ဦးချင်းအပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)