တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်များမစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

တွံတေး   ဒီဇင်ဘာ   ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နှစ်ပေါင်း(၁၄၀)ကျော်သက်တမ်းရှိ တွံတေးတူးမြောင်းသာယာလှပစေရေး၊ ဂေဟစနစ်ကောင်းမွန်စေရေး၊ ငါးသယံဇာတများပေါကြွယ်ဝရေးအတွက်ရည်ရွယ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်များမစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၇ နာရီမိနစ် ၃၀ ကတွံတေးဆိပ်ခံဘောတံတား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွန့်ကြားရေးမှူးဦးခင်ဦးက အမှာစကားပြောကြားခြင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦးက တွံတေးမြို့တွင် အထင်ကရထင်ရှားသောနေရာများ၊ လူပုဂ္ဂိုလ်များလည်းရှိသည့်အနက် တွံတေးမြို့၏ အဓိကထင်ရှားလူသိများသော ပထမက သမိုင်းဝင်ရွှေဆံတော်စေတီ၊ ဒုတိယက တွံတေးတူးမြောင်း၊ တတိယက အိုးလုပ်ငန်းဖြစ်ကြောင်း၊ တွံတေးမြို့သာယာလှပစေရေးနှစ်ပေါင်း(၁၄၀)ကျော်သက်တမ်းရှိ တွံတေးတူးမြောင်းဘေးနေထိုင်ကြသော ပြည်သူများ၊ ကမ်းနားလမ်းတစ်လျှောက် စျေးရောင်းချနေသောသူများ၊ ခရီးသွားပြည်သူများကို တူးမြောင်းအတွင်းစည်းကမ်းမဲ့အမှိုက်မပစ်ရေး အသိပညာပေးဟောပြောခြင်းဖြစ်ကြောင်း၊ တူးမြောင်းအတွင်း အမှိုက်မျိုးစုံကို စည်းကမ်းမဲ့အမှိုက်မပစ်ပဲ အမှိုက်သိမ်းယာဉ် အမှိုက်ပုံးတွေထဲ စနစ်တတတကျ စွန့်ပစ်ကျဖို့လိုကြောင်း၊ ခရီးသွားပြည်သူများကလည်း ရေယာဉ်များပေါ်ကနေ ပလပ်စတစ်အိတ်များ၊ ရေသန့်ဘူးခွံများ၊ အမှိုက်မျိုးစုံကို  တူးမြောင်းအတွင်းမစွန့်ပစ်ဘဲ မိမိအိမ်၊ မိမိဒေသကိုပြန်ယူသွားကြပြီး စနစ်တကျစွန့်ပစ်ကြဖို့လိုကြောင်း၊ တွံတေးတူးမြောင်းသာယာလှပစေရေး၊ ဂေဟစနစ်ကောင်းမွန်လာစေရေး၊ ငါးသယံဇာတများပေါကြွယ်ဝရေးအတွက် တစ်ဦးချင်းစီကနေ အများစုပေါင်းဆောင်ရွက်ကြမှ သာယာလှပသောတူးမြောင်းဖြစ်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စူးအက်တူးမြောင်းပြီးရင် တွံတေးတူးမြောင်းသည် လူသိအများဆုံးတူးမြောင်းဖြစ်လို့ လုပ်သားပြည်သူအပေါင်းက တူးမြောင်းသာယာလှပစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

တွံတေးတူးမြောင်းသည် ရန်ကုန်မြစ်နှင့်တိုးမြစ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသောတူးမြောင်းဖြစ်ပြီး တူးမြောင်းအရှည်မှာ(၂၁) မိုင်ရှည်လျားကြောင်း သိရှိရသည်။

တွံတေးသား