သုံးခွ ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မြို့မဈေးကြီးရှေ့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ဓမ္မစေတီလမ်း မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့မဈေးကြီးရှေ့တွင် မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီးတို့က ပထမဦးစွာ မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြလေ့ကျင့်ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ လောင်စာဆီကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ငြိမ်းနည်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန် ရှောင်ရန်နည်းလမ်းများ ကိုပြောကြားပြီး မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးသတ်ဆေးဘူးမီးငြှိမ်းသတ်ခြင်းကို ဈေးသူ ဈေးသားများ ကိုယ်တိုင်ပါဝင်လက်တွေ့လေ့ကျင့်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးမိုးနှင့် မြို့မဈေးတာဝန်ခံ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများကလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။