မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁

နိုင်ငံတစ်ဝန်းကျရောက်လာမည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန်၊ လျှော့ကျနိုင်ရန်နှင့် ကာကွယ်တုံ့ပြန်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက် ဓမ္မသာလာဓမ္မာရုံတွင် ဆောင်ရွက် ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက ယခုလိုဟောပြောပွဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များတွင် ပါဝင်ပြီး မြို့နယ်အတွင်းရှိ စီမံချက်ပါ ရပ်ကွက်များတွင် အသိပညာပေး ဟောပြောဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သဘာဝဘေးအန္တရာယ် အမျိုးအစားများကို မေးမြန်းရာ တက်ရောက်လာသူ ပြည်သူများမှ ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)