နောင်ချိုမြို့နယ် အင်းဖိုကျေးရွာ၌ ပဥ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနားကျင်းပ

နောင်ချို ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အင်းဖိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုဝင်ဘာလ ၃၀ ရက်(နတ်တော်လဆန်း ၈ ရက်နေ့)တွင် ကျရောက်သည့်  ပဥ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းဖိုကျေးရွာ ရွာလယ်စာကြည့်တိုက်မှ အင်းဖိုဘုန်းတော်ကြီးကျောင်းသို့ မြို့နယ်ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ကော်မတီများ ဦးဆောင်ပြီး အင်းဖိုကျေးရွာအုပ်စု၊ ရေမဲတွင်းကျေးရွာအုပ်စု၊ တောင်ရှည်ကျေးရွာအုပ်စု၊ မဲပုတ်ကျေးရွာအုပ်စုနှင့် ကျောက်တော(စံပြ)ကျေးရွာ တို့မှ ဓနုယဉ်ကျေးမှုအကအဖွဲ့များနှင့် အလံကိုင်တပ်ဖွဲ့များက စီတန်းလှည့်လည်ခဲ့ပြီးနောက်  အလံတင်အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ဓနုတိုင်းရင်းသားအလံတို့အား အလေးပြုခဲ့ပြီးနောက် မုန်ပြင်ကြီးကျောင်းတိုက် ဓနုတိုင်းရင်းသား ဆရာတော်က ဩဝါဒချီးမြှင့်ခဲ့သည်။ ၎င်းနောက် ဓနုအမျိုးသားနေ့အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ အင်းဖိုအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်၊ နောင်ချိုမြို့နယ် ဓနုတိုင်းရင်းသားရိုးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်က အသီးသီးအမှာစကားပြောကြားကာ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးသန်းလှိုင်က ဓနုအမျိုးသားနေ့ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောက်တောကျေးရွာ၊ တောင်ရှည်ကျေးရွာ၊ ရေတွင်းကြီးကျေးရွာတို့မှ ဓနုယဉ်ကျေးမှုအကအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်းနှင့် ပျော်ပွဲ၊ ရွှင်ပွဲအနေဖြင့် ခေါင်းအုံးရိုက်ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ပဥ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနားကို ယခုနှစ်တွင် အလှည့်ကျသည့် အင်းဖိုကျေးရွာအုပ်စုတွင် ကျင်းပခဲ့ပြီး နောက်နှစ်များတွင်လည်း အလှည့်ကျကျေးရွာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဓနုအမျိုးသားနေ့ကို နောင်လာနောက်သားများ သိရှိတန်ဖိုးထားတတ်စေရန်နှင့် ဓနုတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဓနုအမျိုးသားနေ့ကို ကျင်းပရခြင်းဖြစ်ကြောင်း နောင်ချိုမြို့နယ် ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)