မိုင်းဆတ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃) မိုင်းဆတ်မှ ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ လူကုန်ကူးမှု ပြစ်မှု၊ ပြစ်ဒဏ်များ၊ Passport အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးသူပွဲစားများက အမျိုးကောင်းသမီးများကို နိုင်ငံခြားသားများ၏ အိမ်သူ/သားမယားအဖြစ် ရောင်းစားခဲ့သည့် ဖြစ်စဉ်များကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများ ဗဟုသုတရရှိစေရန် ဟောပြောခဲ့ပြီး “တိတ်ဆိတ်ခြင်း၏ နောက် ကွယ်” အသိပညာပေးဗီဒီယိုကို ပြသခဲ့သည်။
ထို့နောက် လူကုန်ကူးမှုဖြစ်စဉ်များ ပေါ်ပေါက်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပတ်၊ လိပ်စာများ ပါရှိသည့် လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်တန်းသူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)