မိုင်းဖြတ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူ/စီးနှင်းလိုက်ပါသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက အထက(မိုင်းဖြတ်)ကျောင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တာဝန်ရှိဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်နှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်နိုင်ရေး၊ ယာဉ်မောင်းသူများအနေဖြင့် အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အရှိန်လျော့ မောင်းနှင်ရေး၊ နှစ်ဦးထက်ပိုပြီး မောင်းနှင်စီးနှင်းခွင့်မပြုရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် အသိပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များကို လိုက်နာဆောင်ရွက်မှုများမရှိပါက ဥပဒေအရဒဏ်ပေးခြင်းစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)