ဘားအံခရိုင် (Community Centre) ခန်းမတွင် “ဒို့မိသားစုအချက်အလက်တွေမှန်ကန်ဖို့ ဒို့တွေအားလုံးပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ဘားအံ ဒီဇင်ဘာ ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ဒို့မိသားစုအချက်အလက်တွေမှန်ကန်ဖို့ ဒို့တွေအားလုံးပူးပေါင်းစို့” အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က “အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်တွေမှန်ကန်မှ လူမှုဘဝစိတ်ချရ” ခေါင်းစဉ်ဖြင့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်အညီ ပိုမိုကိုင်ဆောင်ထားသည့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ မှတ်ပုံတင်များဝန်ကြီးဌာနမှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်ပယ်ဖျက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ပါအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပါအချက်အလက်များ တစ်ဦးချင်းစစ်ဆေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကွဲလွဲနေမှုများအကြောင်း၊ မိမိ မိသားစုအချက်အလက်တွေမှန်ကန်ဖို့ အားလုံးပူ‌ပေါင်းပါဝင်ကူညီကြရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်တွေမှန်ကန်မှ မိမိလူမှုဘဝစိတ်ချရမှာဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်တွေမှန်ကန်ခြင်းအားဖြင့် ရရှိနိုင်မည့် လူမှုဘဝအကျိုးကျေးဇူးများအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင်များငှားရမ်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဒေသအတွင်းရှိဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)