နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး တတိယနေ့ ဆက်လက်စစ်ဆေးခြင်းများဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်  အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့်  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊  အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ထိုးထွင်းတီထွင်ကြံဆလိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လူရည်ချွန်  ကျောင်းသား၊ ကျောင်းသူများ  ရွေးချယ်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး လူရည်ချွန်ရွေးချယ်ရေး တတိယနေ့ အဖြစ် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က မျက်ချင်းနု အားကစား ကွင်းတွင် ဆက်လက်ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်  လူရည်ချွန်ရွေးချယ်ရေး တတိယနေ့အဖြစ် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရာတွင် ကျား၊ မ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက် အလျားခုန်၊ အိပ်ထမတင်၊ ကျား မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ မ မီတာ(၄၀၀)အပြေးပြိုင်ပွဲ စသည့် အားကစား ၅မျိုးဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ခြင်းကို မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း များမှ  ကျောင်းသား၊ ကျောင်းသူ Grade 9(၂၈)ဦး၊ Grade 10(၁၉)ဦး၊ Grade 11(၂၁)ဦး စုစုပေါင်း(၆၈)တို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် အဆိုပါလူရည်ချွန်စာမေးပွဲအား ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၃၀ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)