မဘိမ်းမြို့နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ‌ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ

မဘိမ်း  နိုဝင်ဘာ ၃၀                   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ‌ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကုန်းခါးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းသူဝင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးသန်းဝင်းနှင့် အတွင်းရေးမှူး ရဲမှူးဇာနည်မောင်တို့ဦးဆောင်ပြီး မြို့နယ်အ ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်းခါးရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍  ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ နိုင်ငံသားတိုင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးနေမှုအခြေအနေများ၊ လူဦးရေးစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မသန်စွမ်းသူများ စာရင်းပြုစုရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ  တက်ရောက်လာကြသည့် ပြည်သူများက ရပ်ကွက်အတွင်း လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းမှ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တင်ပြ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)