ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေးရိုးဗစ်) ပြိုင်ပွဲ၊ နည်းပြဆင့်ပွားသင်တန်းဆင်းပွဲနှင့် (အေးရိုးဗစ်) သင်တန်းဆင်းပွဲ ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်အတွင်း အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) မျိုးဆက်သစ် အားကစား မယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယက ဖလား ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေးရိုးဗစ်) ပြိုင်ပွဲနှင့် အေးရိုးဗစ် နည်းပြဆင့်ပွားသင်တန်း၊ အေးရိုးဗစ် သင်တန်းဆင်းပွဲကို မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစား ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲကကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး‌ ဒေါ်နန်ဆိုင်းက ပြည်နယ်အမျိုးသမီး အေရိုးဗစ်အသင်းအနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် ပထမတံခွန်စိုက်ဒိုင်းဆုကို ရရှိခဲ့သည့်အတွက် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သော အားကစားနည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ယခုလို ဆင့်ပွားသင်တန်းများ၊ ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းအားဖြင့်  မျိုးဆက်သစ်ကစားသမားများကို လေ့ကျင့်မွေးထုတ် ပေးနိုင်မည်ဖြစ်သည့်အတွက် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြော ကြားသည်။

 ဆက်လက်၍ ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေးရိုးဗစ်) သင်တန်း နည်းပြ (၄) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ အခြေခံပညာကျောင်းများမှ (၃) ပတ်ကြာ သင်တန်းတက်ရောက်ခဲ့ကြသည့် အေးရိုးဗစ် နည်းပြဆင့်ပွားတက်ရောက်သူ (၂၆) ဦးနှင့် အေးရိုးဗစ်သင်တန်းဆင်း တက်ရောက်ခဲ့သည့် ကျောင်းသူလေးများအား သင်တန်းဆင်း လက်မှတ်များကိုလည်‌ကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယက ဖလား (အေးရိုးဗစ်) ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အငယ်တန်း (၅) သင်းနှင့် အကြီးတန်း (၅) သင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့် အသင်းများအား ဆပ်ကော်မတီ နာယကနှင့် နာယကအဖွဲ့ဝင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီး‌များက ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းကို မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများမှ နည်းပြဆရာ (၂၆) ဦးနှင့် အေးရိုးဗစ်အကသင်တန်းတွင် အကြီးတန်း (၅၀) ဦး၊ အငယ်တန်း (၅၀) ဦးတို့အား နည်းပြ (၄) ဦးတို့က နိုဝင်ဘာ ၁ ရက်နေ့ မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်