ဒလမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းပြုလုပ်

ဒလ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကြုံတွေ့လာပါက အလျင်အမြန်မီးငြိမ်းသတ်နိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး၊ လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇာနည်ထက်က မီးဘေးအန္တရာယ်များကြုံခဲ့လျှင် ကနဦးမီးငြှိမ်းသတ်စေရေး၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ၊ မီးဘေးအန္တရာယ်ကြောင့် ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်ခြင်းများ၊ မီးသတ်ဆေးဗူးအသုံးပြုငြိမ်းသတ်ခြင်း၊ အဝတ်ရေစိုဖြင့် မီးငြိမ်းသတ်ခြင်းများကို ကနဦးရှင်းလင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဒလ (ပြန်/ဆက်)