မိုးကောင်း နိုဝင်ဘာ ၂၉
နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအရင်းမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်များ ရွေးချယ်ရေးစစ်ဆေးခြင်းကို အထက(၁)ကျောင်း၌ နိုဝင်ဘာ(၂၈)ရက်နံနက် (၉)နာရီတွင် ကျင်းပသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းနှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ရာ ပညာထူးချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရာတွင် မြို့နယ်အဆင့် ရေးဖြေ၊ နုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာ၌ Grade-9 မှ ကျောင်းသား/သူ(၁၂)ဦး၊ Grade-10 မှ ကျောင်းသား/သူ (၁၃)ဦး၊ Grade-11 မှ ကျောင်းသား/သူ(၁၃)ဦးတို့က နိုဝင်ဘာ(၂၈)ရက် နံနက်ပိုင်းတွင် မြန်မာစာ၊ မွန်းလွှဲပိုင်းတွင် အင်္ဂလိပ်စာကို ဖြေဆိုကြပြီး နိုဝင်ဘာ(၂၉)ရက်တွင် အထွေထွေဗဟုသုတ နှုတ်ဖြေ/ရေးဖြေတို့ကို လည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်တွင် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့်ယုံကြည်မှုတို့ကိုလည်းကောင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)