သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်ဘက်စုံလူရည်ချွန်ပြိုင်ပွဲဆန်းစစ်ချက် စာမေးပွဲဖြေဆို

သာကေတ   နိုဝင်ဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အလယ်တန်း၊ အထက်တန်းမြို့နယ် အဆင့်ဘက်စုံလူရည်ချွန်ပြိုင်ပွဲ ဆန်းစစ်ချက်စာမေးပွဲစတင်ဖြေဆိုခဲ့သည်။

ယမန်နေ့နံနက်၌ဖြေဆိုသည့် လူရည်ချွန်ဆန်းစစ်ချက်စာမေးပွဲ မြန်မာစာဘာသာရပ်အား သာကေတမြို့နယ်ရှိ အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၉)ဦးဝင်ရောက်ဖြေဆိုကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်နှင့်အဖွဲ့ဝင်များ၊ ပညာရေးစစ်ကြောင်းမှမြို့နယ်ပညာရေးမှူးဒေါ်ခင်အုန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထက်တန်း၊ အလယ်တန်းမြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ဆန်း စစ်ချက်စာမေးပွဲကို သာကေတမြို့နယ်၌ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာစာဘာသာရပ်နှင့်အင်္ဂလိပ်စာဘာသာရပ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့၌ သင်္ချာဘာသာရပ်နှင့်အထွေထွေဗဟုသုတဘာသာရပ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့၌ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးကာယစွမ်းရည်အားကစားပြိုင်ပွဲ ဆန်းစစ်ချက်ပြိုင်ပွဲများယှဉ်ပြိုင်ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)