မလှိုင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)အား မြေပြင်ရှိလူဦးရေစာရင်းနှင့်ကိုက်ညီမှုရှိ၊မရှိ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မလှိုင် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)အား မြေပြင်ရှိလူဦးရေစာရင်းနှင့် ကိုက်ညီမှုရှိ၊မရှိ နောက်ဆုံးအကြိမ်ကွင်းဆင်းတိုက်ဆိုင်စိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများတိကျမှန်ကန်စေရေးသည် အရေးကြီးပါကြောင်း၊ မဲစာရင်းတိကျမှန်ကန်မှုသည် လူဦးရေစာရင်းတိကျမှန်ကန်မှုနှင့်သက်ဆိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကျေးရွာများမှာရှိတဲ့ အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)နှင့် ယခုထုတ်ပေးသည့် Server ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းအား မြေပြင်တွင်တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် တိုက်နယ်အလိုက် အဖွဲ့(၄)ဖွဲ့ခွဲ၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြို့နယ်မှ Pilot Project အနေဖြင့် ကျေးရွာတစ်ရွာကို နမူနာအဖြစ် အဖွဲ့စုံဖြင့်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကွဲလွဲမှုများတွေ့ရှိပါက လိုအပ်သည်များကို ထပ်မံဖြည့်စွက်ပြင်ဆင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်က တိုက်ဆိုင်စစ်ဆေးရာတွင် အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆) မူရင်း၊ မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မွေးစာရင်း၊ အိမ်ထောင်ဦးစီး၊ တော်စပ်ပုံ စသည့်အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပေးရန် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများမှ သိလိုသည် များကိုမေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရပ်ကွက်/ကျေးရွာအုပ်စု(၅၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး