သရက်ချောင်း နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်တွင် တိုင်းဒေသကြီး သုဓမ္မာရွှေတောင်ဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တအရိယဝံသ (သာသနဓဇစမ္မစရိယ၊ ကမ္မဌာနာစရိယ) တပ်ရာကုန်းကျောင်းတိုက်ဆရာတော်၊ သက်တော် (၈၄)နှစ်၊ ဝါတော် (၆၄)နှစ် ကျေးဇူးတော်ရှင်ဆရာတော်သည် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီခွဲ အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူခဲ့ကြောင်း သိရသည်။
တပ်ရာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယဝံသသည် ၁၃၀၀ ပြည့်နှစ်နှောင်း၊ တန်ခူးလ ပြည့်ကျော် (၁၃) ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၇ နာရီခွဲအချိန်တွင် သရက်ချောင်းမြို့၊ ပန်းတော ရပ်ကွက်နေ ခမည်းတော် ဦးဘအုံးတင်နှင့် မယ်တော်ဒေါ်ဟန်ကြီးတို့မှ ဖွားမြင်တော်မူသည့် မွေးချင်း(၇)ယောက်အနက် အကြီးဆုံးသားရတနာတစ်ပါးဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၂၂ခုနှစ်တွင် ပန်းတောရပ်ကွက်နေ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ တပ်ရာကုန်းကျောင်းဆရာတော် ဦးက္ကန္ဒာစာရကို ဥပဇ္ဇျာယ်ပြုလျက် ရှင်အရိဝံ သသည် မြင့်မြတ်တင့်ဆန်း ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။
ထို့နောက် ဆရာတော်သည် သာသနာ့စာပေများကိုလေ့လာဆည်းပူးသင်ယူခဲ့သည်။ အစိုးရ ပါဠိပထမပြန်စာမေးပွဲ၊ ပထမအငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ သာသနာဓဇဓမ္မာ စရိယ၊ စာချတန်းများကို အောင်မြင်တော်မူခဲ့သည်။ ဆရာတော်သည် ၁၃၂၉ခုနှစ်မှ ၁၃၅၆ခုနှစ်အထိ စာသင်တိုက်ဖွင့်လှစ်ကြီး ပရိယတ္တိစာပေများပို့ချကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့သည်။ ဆရာတော်သည် ၁၃၆၅ခုနှစ်မှစ၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ တပ်ရာကုန်းကျောင်းတိုက်၌ သီတင်းသုံးနေထိုင်ပြီး ဝါတွင်းကာလတိုင်း သုံးလပတ်လုံး မိုးကုတ် ဝိပဿနာတရားစခန်းများ နွေရာသီ (၁၀) ရက်တရားစခန်းများ ဖွင့်လှစ်ကာဝိပဿနာ တရားများ ဟောကြားပြသခဲ့ပြီး ၁၃၅၇ ခုနှစ်မှ ၁၃၆၂ ခုနှစ်အထိ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၁၃၆၂ ခုနှစ်မှ ယခုတိုင် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း စသည်ဖြင့် အများအကျိုးပြု သာသနာလုပ်ငန်းများကို ဆောင်ရွက် တော်မူခဲ့သည်။
ဆရာတော်သည် ကောဇာသက္ကရာဇ် ၁၃၆၅ခုနှစ်၊ ပြာသိုလဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့ (၄-၁-၂၀၀၄) ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အမိန့်ကြေညာစာ (၁/၂၀၀၄) ဖြင့် (ကမ္မဠာနစရိယ) ဘွဲ့တံဆိပ်တော် ချီးမြှင့် လှူဒါန်းခြင်း ခံယူရရှိခဲ့ပြီး ဆရာတော်၏ ရုပ်ကလပ်အား တပ်ရာကုန်းကျောင်းဓမ္မာရုံ၌ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့မှ (၉)ရက်နေ့ထိ (၉)ရက်တိုင်တိုင် အများပြည်သူများ ဖူးမျှော်ရန် ပူဇော်ခံထားရှိမှာဖြစ်ပြီး ဆရာတော်၏ ရုပ်ကလပ်အား တန်ဆောင်မုန်းလပြည့်ကျော် (၉)ရက်၊ နေ့လည်(၁၂)နာရီအချိန်တွင် "မော်ရှည်ကုန်းသုသာန်" သို့ ပင့်ဆောင်မီးပူဇော်ပါ မည်ဖြစ်ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)