ဇေယျာသီရိမြို့နယ်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ နိုဝင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းကျင်းပခြင်းသည် စာပေဝါသနာရှင်များအတွက်  အကျိုးကျေးဇူးများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်၍ ကျင်း ပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်စာရေးဆရာ ရဲမွန်ကျော်နှင့် စာရေးဆရာစိန်ဝင်းနွယ်၊ နေပြည်တော်စာပေဝိုင်းမှစာရေး ဆရာမချယ်ရီအောင်သန်းတို့က ဦးဆောင်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု” စာအုပ်ပါ ပညာနှင့်တူသောအလင်း၊ လူငယ်နှင့်ပညာရေး၊ လူမှုဆက်ဆံရေးအရည်အသွေးစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား/သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)