တွံတေးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

တွံတေး     နိုဝင်ဘာ    ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ ခန်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုကြောင်း၊ ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကိုပခုံးပြောင်း တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး အသိပညာကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆိုဆက်ဆံတတ်ရေး အတွေ့အကြုံသစ်များရရှိရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade-11 မှ မစုမြတ်နိုးနိုင်က လူငယ်နှင့်စာပေ၊ Grade- 9 မှ မောင်ထက်ဝေယံက လူငယ်နှင့်စာရိတ္တ၊ Grade-10 မှ မအိမ့်မြတ်မှူးခင်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade- 10 မှ မစုသဒ္ဒါက လူငယ်နှင့်ကျန်းမာရေး၊ Grade-11(A)မှ မောင်ကောင်းမြတ်သူက လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်များ  မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှတာဝန်ခံ ကျောင်းအုပ်ဆရာမကြီးဒေါ်နော်တင်ဋ္ဌေးဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအားခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တွံတေးသား