ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်နေ ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ရေးအတွက် ပါးစပ် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အဖွဲ့ဝင်များက မြို့နယ် အတွင်း လူစည်ကားရာနေရာဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ် ရေယာဉ် (သမ္ဗန်ဆိပ်)အနီးတွင် ရန်ကုန်မြို့ထဲမှ အလုပ်လုပ်၍ ပြန်လာကြသူများ၊ ဆိုင်ကယ် ကယ်ရီနှင့် ဆိုက်ကားမောင်းနှင်/စီးနင်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာကြသည့် မြို့နယ်နေ ပြည်သူများအား မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ရေး အတွက် Mask အခုရေ ၁၀၀၀ အား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စနစ် တကျတပ်ဆင်သွားလာရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)