မိုင်းပန် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ရွာသစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ညောင်ကိုးပင်ဘုန်းတော်ကြီးကျောင်းတွင် ယမန့်နေ့ ညနေ(၆)နာရီခွဲအချိန်က တွေ့ဆုံပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် လိုက်ပါလာကြသည့် မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းထွန်းက နယ်မြေ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး စသည့်အကြောင်းအရာများကိုလည်း ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လင်းတင်က ဒေသခံပြည်သူများမိမိတို့၏ လိုအပ်ချက်နှင့် အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်း၊ ချက်ချင်းဆောင်ရွက်ပေးနိုင်သည့် အရာများကိုချက်ချင်း ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ သည်။
ဆက်လက်၍ တက်ရောက်လာသော ဒေသခံပြည်သူများမှ မိမိတို့သိရှိလိုသည်များ၊ တင်ပြချက် များမေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)