သာစည် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေအရင်းအမြစ်နည်းပါးပြီး အမှန်တကယ်ရေလိုအပ်သည့်ကျေးရွာများတွင် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရေအတွက် အထောက်အကူပြုဖြစ်စေရန် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရွာပုလဲလေးကျေးရွာ၌ တူးဖော်ပြီးသောရေကန်ငယ်အား ကျေးရွာရေကန်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီထံ ယနေ့နံနက် ၉ နာရီက အဆိုပါရေကန်အနီး၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရေကန်လွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းမြင့်က ရေကန်ကိုရေရှည်အသုံးပြုနိုင်ရန်နှင့် သောက်သုံးရေကန်ဖြစ်သည့်အတွက် ငါးမွေးမြူခြင်းမပြုလုပ်ရန်၊ ရေဆင်းချိုးခြင်းများမပြုလုပ်ရန်၊ အမှိုက်များမပစ်ရန်နှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ကန်ဘောင်ပေါ် တက်ရောက်ခြင်းမရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်တို့ကို မှာကြားသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိက ရေကန်နှင့်ပတ်သက်သော စာချုပ်စာတမ်းများအား ကျေးရွာရေကန်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီထံ လွှဲပြောင်းပေးအပ်သည်။ အဆိုပါ သောက်သုံးရေကန်ငယ်မှာ အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေနှင့် အနက် ၆ ပေရှိကြောင်း သိရသည်။
သာစည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အသိပညာပေးဟောပြောဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း