မိုးညှင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် သိန်း(၁၀၀) လွှဲပြောင်းပေးအပ်ပွဲနှင့် AVIP သင်တန်းဖွင့်လှစ်

မိုးညှင်း နိုဝင်ဘာ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် AVIP သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ကျင်းပရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လုံးစန့်ကျေးရွာအုပ်စု လုံးစန့်ကျေးရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် သိန်း ၁၀၀ အား ခရိုင်ဦးစီးမှူးက လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းအား ဦးစီးအရာရှိ (နည်းပညာ) ဦးသက်တင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးဟန်ဇော်အောင်တို့က ဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို မူလခွင့်ပြုကျေးရွာ(၈)ရွာတွင် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၀၀%ပြီးစီးလျက်ရှိပြီး ယခုဆောင်ရွက်မည့် လုံးစန့်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်ရန် ခွင့်ပြုလာသဖြင့် ကျေးရွာတွင်မိတ်ဆက်ခြင်း၊ ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ပြီး၍ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းအား ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ရွှေမိုးညှင်း