တံတားဦး နိုဝင်ဘာ ၁၁
တံတားဦးခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/ သူများ အနာဂါတ်တွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးရေး ၊ လူငယ်များ ယဉ်ကျေးလိမ္မာ၍ ဘက်စုံ ထူးချွန်စေရေး ၊ နိုင်ငံတော် တည်ဆောက်ရာတွင် အားကိုးအားထားရသော လူချွန်လူကောင်းများ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင်က လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်ရေး ၊ ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် အဟာရဖြစ်စေသော အစားအစာများ စားသုံးသင့်ခြင်းအကြောင်း၊ လူကြီး မိဘများနှင့် ဆရာ/မများအား ရိုသေလေးစားတတ်သော လူချွန်လူကောင်းများအကြောင်း ကျောင်းသား/သူများ အချင်းချင်း ရိုင်းပင်းကူညီရမည့် အကြောင်းတို့ကို ပြောကြားပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက ယနေ့ လူငယ်များသည် ကိုယ်ကာယ ဖွံ့ဖြိုးရန်အတွက် အားကစားများကို မိမိတို့ ဝါသနာပါသည့် အလျေက် ကစားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ကျောင်းသား လူငယ်များအတွက် ပညာရေးနှင့်အတူ အားကစားများကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း၊ ကျောင်းသား လူငယ်များ၏ ကာယ ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းများကို ကစားသင့် ပါကြောင်း အခြေခခံကျောင်းများမှ အားကစားနည်းများတွင် ထူးချွန်သည့် ကျောင်းသား/သူများကို နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည် ။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/ သူများအတွက် အားကစားပစ္စည်းများဖြစ်သော ဘောလုံးနှင့် ခြင်းလုံးတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူကြောင်း သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)