ထားဝယ် နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူများအား ရဲဗလ တံဆိပ်နှင့် ဂုဏ်ပြုလွှာချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ အခမ်းအနားသည် ဂုဏ်ပြု ထိုက်သူများကို ဂုဏ်ပြုသော အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အသက်ပေးတာဝန်ထမ်းဆောင်သူများ ရှိသလို ပြင်းထန်စွာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အသက်ပေး တာဝန်ထမ်းဆောင်သူများကို ဂုဏ်ယူရသလို တစ်နည်းအားဖြင့် ကျဆုံးကွယ်လွန်သွားသူများအတွက်လည်း များစွာစိတ်မကောင်းဖြစ်ရပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြည်သူများ အချင်းချင်းတိုက်ခိုက်နေကြသည်ကို ဝမ်းနည်းစရာ ကောင်းလှကြောင်း၊ ကျဆုံးသွားသူများသည် နိုင်ငံတော်အတွက် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်သောကြောင့် နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်/ မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုလျော့နည်းကျဆင်းအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်မှ ရဲဗလ တံဆိပ်ရရှိသူ (၈) ဦးအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းပြီး ရဲဗလ တံဆိပ်ရရှိသူများကိုယ်စား ရဲဗလတံဆိပ်ရရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)