ထားဝယ် နိုဝင်ဘာ ၁၀
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲအခမ်းအနားကိုယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံသည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း (၁၃၅)မျိုးခန့်နေထိုင်ကြပြီး လူမျိုးစုတစ်ခုချင်းစီတွင် ကိုယ်ပိုင်ဘာသာစကားများရှိကြကြောင်း၊ တိုင်းရင်းသားဘာသာစကားကိုမကာကွယ်မစောင့် ရှောက်နိုင်ပါက ဘာသာစကားပျောက်ကွယ်သွားနိုင်ပြီး လူမျိုးပါပျောက်ကွယ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သင်ကြားရေးအထောက်အကူပြုနှင့် ဘာသာစကားသင် ဆရာ၊ ဆရာမများခန့်အပ်တာဝန်ပေးခြင်းမှာ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာ စကား ကို ထိန်းသိမ်းဆောင်ရွက်ကြစေလို၍ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တိုင်းရင်းသား ဘာသာစကား (၇၂) မျိုးဖြင့်သင်ကြားပေးလျက်ရှိကြောင်း၊ ဒေသခံတိုင်းရင်းသားလူမျိုးစု ကျောင်းသားများ၏ သင်ယူမှုလိုအပ်ချက်များ ရပ်တည်ချက်များ၊ ဘာသာစကားများနှင့် ယဉ်ကျေးမှုများအပေါ် စိတ်ပါဝင်စားမှု ရှိရမည်ဖြစ်ကြောင်း၊ စာသင်ခန်းအတွင်းသင်ကြားရာတွင် ဒေသခံလူမျိုးစုများနှင့် ယဉ်ကျေးမှုများအကြောင်း ပေါင်းစပ်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ဆွေးနွေးပွဲကာလအတွင်းဘာသာစကား သင်ဆရာ၊ဆရာမများအနေ ဖြင့်ဆွေးနွေးပို့ချပေးသော ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ကြိုးစား သင်ယူကြရန်လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးဒေါ်နီနီသန်း ကဆွေးနွေးပွဲတွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ(၁၁၃)ဦးတက်ရောက်ခဲ့ကြပြီးနိုဝင်ဘာ ၂၅ ရက်နေ့အထိသင်ကြားဆွေးနွေးပို့ချပေးမှာဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍တက်ရောက်လာသောဧည့်သည်တော်များအားမွန်တိုင်းရင်းသူများက“ချစ်ခွန်းသီဟန် ဟင်္သာမောင်နှံ” သီချင်းနှင့်“ယဉ်ကျေးသိမ်မွေ့ ရာမညဓလေ့” သီချင်းဖြင့်လည်းကောင်း၊ ကရင်တိုင်းရင်းသား/သူများက“ စည်လုံး ချစ်ကြည်၊ကရင်ဌာနီ”သီချင်း၊“ တူစုံနွှဲပျော် နှစ်သစ်ကူး ပွဲတော်”သီချင်းဖြင့်လည်းကောင်း၊ ပညာရေးဘွဲ့ စာပေးစာယူသင်တန်း သင်တန်းသူများက၊ "လှမ်းခဲ့ထားဝယ် မြေ” သီချင်းဖြင့်လည်းကောင်းကပြဖျော်ဖြေတင် ဆက်ခဲ့ကြ သည်။
ယင်းနောက်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကပြဖျော်ဖြေတင်ဆက်သောအကအဖွဲ့များအားဆုငွေ (၆)သိန်း ချီးမြှင့်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)