ရမည်းသင်း နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ်၊ အမှတ်(၈) (ရွှေဒါး)အခြေခံပညာ အထက်တန်းကျောင်းသပြေညိုခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက နိုင်ငံတော် ဖွံဖြိုးတိုးတက်ရန်အတွက် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် ဗလငါးတန်နှင့် ပြည့်စုံရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာ ကျွမ်းကျင်တတ်မြောက်ပြီး အတတ်ပညာများ ဖလှယ်ကာ ပြောဆိုဆက်ဆံတတ်စေရေး၊ အတွေ့အကြုံသစ်များ ရရှိရန် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးအောင်သိန်းထွန်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade- 11 ကျောင်းသားမောင်အောင်မြင့်မြတ်မှ လူငယ်နှင့် ယဉ်ကျေးမှုကိုလည်းကောင်း၊ Grade-9 မဉာဏ်ရည်ဦးမှ လူငယ်နှင့်မျိုးချစ်စိတ်ကိုလည်းကောင်း၊ Grade-9 မောင်မင်းသီဟမိုးမှ လူငယ်နှင့် စာပေကိုလည်းကောင်း၊Grade-10 မနန်းကေသီခိုင်မှ လူငယ်နှင့်ဆိုရှယ်မီဒီယာ ကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြခဲ့သည်။ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို အမှတ်(၈) (ရွှေဒါး) အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများထဲမှ ကျောင်းသား၊ ကျောင်းသူ(၇)ဦးတို့မှ ကိုယ်အမှုအရာ နှုတ်အမှုအရာ၊ မျိုးချစ်စိတ်ဓါတ်အဓိပ္ပာယ်၊ လူငယ်တွေ စာများများ ဖတ်ရှုနိုင်ရန် စာပေကောင်းများဆိုတာ ဘယ်လိုစာပေမျိုးကို ဆိုလိုပါသလဲ၊ ဆိုရှယ်မီဒီယာကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဘာလဲစသည်ဖြင့် သိရှိလိုတာများကို မေးမြန်းကြရာ ကဏ္ဍအလိုက ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ကျောင်းသူတို့က ပြန်လည် ဖြေကြားပြီး ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ဖြည့်ဆည်းရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုညွှန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင် (ပြန်/ဆက်)