ကော့မှူး နိုဝင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဇလုတ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း အ.မ.ကဇလုတ်ကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများအားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် စာပေလေ့လာဖတ်ရှုကြပါဆိုသောခေါင်းစဉ်ဖြင ့်ဆွေးနွေးဟောပြောခဲ့ပြီး အ.မ.ကဇလုတ်ကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ယခုလိုကျောင်းသား၊ ကျောင်းသူများအသိပညာတိုးပွားစေရန် ဟောပြောပွဲများလာရောက်ဆောင်ရွက်ပေးသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှတ်တမ်းဓာတ်ပုံပြခန်းများ၊ ကျန်းမာရေးအသိပညာပေးအကြောင်းအရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာနေကြကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့သည်။
ကျော်သူရ ပြန်/ဆက်