ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး မလှိုင်မြို့နယ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မလှိုင်  နိုဝင်ဘာ ၁ဝ

ပို့ဆောင်ရေးနှင့်ဆက်သွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ပို့ဆောင်ရေးဌာန၊ မြို့ပြဌာန၊  စက်မှုဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မလှိုင်ဘူတာရပ်ဝန်း ဧရိယာအတွင်း မီးရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မလှိုင်ဘူတာရပ်ဝန်း ဧရိယာအတွင်း မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားများဖြင့် လမ်းမြှောက်တင်ခြင်း၊ ကွန်ကရစ် ဇလီဖားတုံး လဲလှယ်ခြင်း၊ ကျောက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့အပြင် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် မလှိုင်ဘူတာရုံ အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး ဘူတာအဆောက်အဦး အုတ်ခုံရိုးများ၊ အမိုးနှင့်နံရံများပျက်စီးနေမှုကို ပြန်လည် ပြုပြင်မွမ်းမံသွားရန်  သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားခဲ့ပြီး နံနက် ၉နာရီ ၄ဝ မိနစ်အချိန်တွင် မလှိုင်ဘူတာမှ ပြန်လည် ထွက်ခွာသွားပြီး ရေချိုဘူတာရပ်ဝန်းအတွင်း ရထားလမ်းပိုင်း အဆင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ 

သာစည်-မြင်းခြံ(၁၁၁)အဆန်ရထားနှင့် မြင်းခြံ -သာစည် (၁၁၂) အစုန်ရထားသည် မလှိုင်ဘူတာကို ဖြတ်သန်းပြေးဆွဲလျက်ရှိသော်လည်း သာစည်-မြင်းခြံ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်းရထားပြေးဆွဲခြင်းကို ယာယီရပ်နားထားကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)