ဗိုလ်တထောင် နိုဝင်ဘာ ၉
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင်၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွှန့်ဦး၊ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၃၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ခြေလျင်လျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောပြီး၊ ကျောင်းသား/ကျောင်းသူ များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနှင့်ပတ်သက်ပြီး ဉာဏ်စမ်းဖြေဆိုနိုင်သူများကို ဒုရဲမှူး ဆန်းညွှန့်ဦးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းတို့က လက်ဆောင်များ ချီးမြှင့်ခဲ့သည်။ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၂၇၅)ဦးတို့အား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မေနှင်း(ဗိုလ်တထောင်)