လောက်ကိုင် နိုဝင်ဘာ ၉
ကြက်ခြေနီဆိုသည်မှာ ဆင်းရဲဒုက္ခခံစားနေရသူများနှင့် အကူအညီလိုအပ်နေသူများအား ခွဲခြားခြင်းမရှိ လူသားချင်းစာနာထောက်ထားသည့် စိတ်ဓာတ်ဖြင့် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ရောဂါကာကွယ်ခြင်းများ၊ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရ သူများ၊ ထိခိုက်ခံစားနေသူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ အမြို့မြို့အနယ်နယ်ရှိ ကြက်ခြေနီတပ်ရင်းတပ်ဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်ပြည်သူ မိသားစု များအား အိမ်ထောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာဌာနများကို ချက်ချင်းအကြောင်းကြားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရန်၊ မီးလောင်ခဲ့ပါက ကိုယ်တိုင်ငြိမ်းသတ်ချင်းထက် မီးသတ်ကို အကြောင်းကြားရန်၊ မီးဘေးအန္တရာယ်ကာ ကွယ်ရေးပစ္စည်းများ ထားရှိရန်၊ မိမိကိုယ်တိုင်လည်း မီးဘေးအန္တရာယ်ကာကွယ်ရေး အသိသတိရှိစေရန် တို့ကိုမှာကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မီးဘေးသင့်အိမ်ထောင်စုများကို ကြက်ခြေနီအသင်းက ကူညီနိုင်သည့်အရာကို ကူညီပေးနိုင်ရန် ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက်မီးဘေးသင့်အိမ်ထောင်စု ၁၃ စုအား ရေသန့်ပုံး(၁)လုံး၊ ရေပုံး(၁)ပုံး၊ လက်သည်းညှပ် (၁)ခု၊ အမျိုးသမီးလစဉ်သုံးပစ္စည်း(၂)ထုပ်၊ သွားတိုက်တံ(၅)ချောင်း၊ သွားတိုက်ဆေး(၅)ခု၊ မျက်နှာသုတ် ပုဝါ(၅)ထည်၊ ကိုယ်တိုက်ဆပ်ပြာ(၅)ခဲ၊ ဆပ်ပြာခွက်(၅)ခု၊ အဝတ်လျှော်ဆပ်ပြာ(၅)ဗူး၊ အိမ်သာသုံးစက္ကူ (၅)လိပ်၊ ဆပ်ပြာမှုန့်(၁)ထုပ်၊ ခေါင်းလျှော်ရည်(၁)ဘူး၊ သောက်ရေခွက်(၂)ခွက်၊ ခေါင်းဘီး(၁)ချောင်း၊ မှန်(၁)ခု၊ ရေသန့်ဆေးပြား(၅)ထုပ်၊ မုတ်ဆိတ်ရိတ်ဓား(၅)ချောင်းပါဝင်သော Hygiene Kit Contents Listတစ်ဘူးစီအားလည်းကောင်း၊ မိုးကာစ(တာပေါ်လင့်)(၂)စ၊ စောင်(၂)ထည်၊ ဆေးစိမ်ခြင်ထောင်(၁) ထည်၊ အမျိုးသားဝတ်ပုဆိုး(၂)ထည်၊ အမျိုးသမီးဝတ်လုံချည်(၂)ထည်၊ အမျိုးသားဝတ်အင်္ကျီ (၁)ထည်၊ အမျိုးသမီးဝတ်အင်္ကျီ(၁)ထည်၊ ကျောင်းသားဝတ်အင်္ကျီ(၁)ထည်၊ ကျောင်းသားဝတ်ဘောင်းဘီ (၁)ထည်၊ ကျောင်းသူဝတ်အင်္ကျီ(၁)ထည်၊ ကျောင်းသူဝတ်စကတ်(၁)ထည်၊ ကျောင်းသူဝတ်အတွင်းခံ ဘောင်းဘီ (၁)ထည်၊ နိုင်လွန်ကြိုးသေတ္တာ(၁)ခု၊ မီးဖိုချောင်သုံးပစ္စည်းများ(၁)ဗူး၊ပလတ်စတစ်ပုံး (၁)ခု ပါဝင်သော FamilyKite(မိသားစုသုံးပစ္စည်းများ)ပါဝင်သောသေတ္တာ(၁) ဘူးစီအားလည်းကောင်း တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါမီးဘေးသင့်ပြည်သူများကို ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှလည်း မီးလောင်၍သေဆုံးသူ (၁)ဦးအား ငွေကျပ်(၃)သိန်းနှင့် မီးဘေးသင့်ပြည်သူ (၄၇)ဦးအား တစ်ဦးလျှင်ဆန်ဖိုး ၂၁၀၀/- နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၉၈၇၀၀/-)ထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)