လောင်းလုံးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးအထွက်နှုန်းတိုးတက်စေရန် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းအခမ်းအနားကျင်းပ

လောင်းလုံး နိုင်ဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့၊ (က)ရပ်ကွက်နေ တောင်သူဦးသီးညွှန့်၊ လယ်ခင်းတွင်ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်မှ အဖွင့်အမှာစကားပြောကြားရာ၌ လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် လမ်းစဉ်များဖြစ်ကြသော ကုန်ထုတ်လုပ်ငန်းမြှင့်တင်းရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးနှင့်အညီ တောင်သူများက သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှသာပို၍တိုးတက်မည်ဖြစ်ကြောင်း၊ တောင်သူများလည်း လုပ်ငန်းများလုပ်ဆောင်ရန်အတွက် လိုအပ်ချက်များကို အသေးစား၊ အလတ်စား လုပ်ငန်းလက်ရှိဆောင်ရွက်နေသော ဌာနများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ဆက်ပြီး အမယ်သစ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် မိမိဒေသစီးပွားအရှိန်အဟုန်ဖွံ့ဖြိုးတိုးတက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ချိတ်ဆက်လုပ်ဆောင်နိုင်ရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြပ်ကျန်နေခဲ့ခြင်းမျိုးမရှိစေရန် တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများတို့ပူးပေါင်းဆောင်ရွက်ပါက ပို၍ဖွံ့ဖြိုးတိုးတက်မှုမြန်နိုင်ကြောင်း အကြံပြုပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်မြေအသုံးချတာဝန်ခံအရာရှိ ဒေါ်သန်းသန်းအေးက စံကွက်ရိတ်သိမ်းခြင်းအကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ မျိုးစေ့တာဝန်ခံမှ မျိုးကွဲနှုတ်ပယ်ခြင်းအားလည်းကောင်း အသိပညာပေးပြောကြား၍ လောင်းလုံးမြို့နယ်၊ ဝေဒီဗဟိုမျိုးသန့်ခြံဦးစီးမှူးမှ စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူဦးမောင်စိုးမှ စပါးတစ်ဧက တင်း(၁၀၀)ထွက်ရှိအောင် မိမိလုပ်ဆောင်ရသောအတွေ့အကြုံများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် စံကွက်ရိတ်သိမ်းခြင်း၊ စပါးအထွက်ကောင်းသောလယ်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)