ထားဝယ် နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၉/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ကထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တက်ရောက်လာသောကော်မတီဝင်များအနေဖြင့် မြေယာနှင့်ပတ်သက်၍တိုင်းဒေသကြီး အတွင်းယခုအချိန်ထိ မြေယာပြဿနာများ ဖြေရှင်း ဆောင်ရွက်နေရသည့် ဖြစ်ရပ်များရှိနေဆဲဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုလုပ်ငန်းများ၌အထူး သဖြင့်မြေယာချပေးမှုလုပ်ငန်းများတွင် ချင့်ချိန်ရမည့်ကိစ္စရပ်များနှင့် ထိရှလွယ်သောနေရာများရှိကြောင်း၊ မြေယာများတွင် အလွယ်တကူချပေးလိုက်မည်ဆိုပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မြေယာလုပ်ငန်းများ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင်အခက်အခဲများရှိကြောင်း၊ မြေယာပိုင်ဆိုင်မှုများက ပြဿနာရှိနေနိုင်ပြီးဂရုတစိုက် လုပ်ကိုင်ဆောင် ရွက်ကြရန်လိုအပ်ကြောင်း၊ အချို့မြေ နေရာများတွင် မြေယာပေါ်၌ လုပ်ကိုင်စားသောက်နေရသူများရှိပြီး အချို့နေရာများတွင် အခက် အခဲများရှိနိုင်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိစ္စရပ်များတွင် လုပ်ကိုင်ဆောင်ရွက်ပေးသင့်သူများကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ကော်မတီအတွင်းရေးမှူး၊တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးကမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)