တံမြက်စည်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး မိသားစုဝင်ငွေတိုးပွားလျက်ရှိ

လှည်းကူး စက်တင်ဘာ ၁၈


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာအုပ်စု ဝါးနက်ကုန်းမြောက် ဘက်ကမ်းရှိ ကျေးလက်နေပြည်သူအများစုမှာ စားဝတ်နေရေးအဆင်ပြေချော့မွေ့စေရန် တံမြက်စည်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း သိရ သည်။
လှည်းကူးမြို့နယ် ဝါးနက်ကုန်းမြောက်ဘက်ကမ်းတွင် နေထိုင်သူ အိမ်ထောင်စု(၁၃၆)စုရှိ သည့်အနက် အိမ်ထောင်စု(၁၀၀)စုလောက်မှာ မိသားစုဝင်ငွေတိုးပွားလာစေရန် အသက် မွေးဝမ်းကြောင်းအဖြစ် မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်သည့် တံမြက်စည်းလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။
တံမြက်စည်းလုပ်တဲ့အခါမှာ ကုန်ကြမ်းဖြစ်တဲ့ ကိုင်းပေါပင်တွေကို ဒီဇင်ဘာလကုန်ပိုင်း ကနေစပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွေမှာဘဲ ရရှိနိုင်တာဆိုတော့ တံမြက်စည်း တစ်လက်ဖြစ်ဖို့ ကုန်ကြမ်းရရှိ အောင် ဖောင်ကြီးတောအတွင်းထဲထိ သွားရောက်ချိုးတဲ့ အခါမျိုးတွေရှိသလို တစ်ခါတစ်လေမှာ ဝယ်ယူ သုံးစွဲ ရတာမျိုးလည်းရှိတယ်၊ ရရှိလာတဲ့ ကိုင်းပေါပင်များကို အခြောက်ခံပြီး မိုးလုံလေလုံတဲ့ နေရာ တွေမှာ သိုလှောင်ပြီးတော့ ခြောက်သွေ့လာတဲ့အခါမှ တံမြက်စည်းတစ်လက်ဖြစ်လာအောင် စတင် လုပ်ကိုင်ရပါတယ် ဟု တံမြက်စည်းလုပ်ငန်းပိုင်ရှင် ဦးဝင်းညွှန့်ဦးက ပြောကြားခဲ့သည်။
လှည်းကူးမြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စု စုစုပေါင်း ရပ်ကွက်/ကျေးရွာ (၅၇)အုပ်စုရှိရာ ဝါးနက်ကုန်းကျေးရွာအုပ်စု ဝါးနက်ကုန်းမြောက်ဘက် ကမ်းတွင် နေထိုင်သူအများစုမှာ အသက်မွေးဝမ်းကြောင်းအဖြစ် တံမြက်စည်းလုပ်ငန်း လုပ်ကိုင်ရာတွင် အရိုးစီး(၁)ချောင်း(၄၅၀)ကျပ်၊ ဝါးရိုးဒေါင်းမီး(၁)ချောင်း(၄၅၀)ကျပ်၊ ကြိမ်ကောက်(၁)ချောင်း(၅၀၀)ကျပ်၊ ရေငန်းရိုး(၁)ချောင်း (၅၀၀)ကျပ်၊ မြက်မှိုရှယ်(၁) ချောင်း(၆၅၀)ကျပ် စုစုပေါင်း တံမြက်စည်း(၅)မျိုးကို မိရိုးဖလာလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်ကြရာ တစ်ရက်လျှင် တံမြက်စည်း (၅၀)ချောင်းပြီးစီးကြောင်း၊ အဆိုပါ တံမြက်စည်းများကို လှည်းကူးမြို့နယ်အတွင်းနှင့် ဘုရင့်နောင်ပွဲရုံနေရာများသို့ တင်သွင်းခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
စားဝတ်နေရေး အခက်အခဲမရှိအောင် တစ်ဖက်တစ်လမ်းကနေ ဒီတံမြက်စည်းလုပ်ငန်းကို နေ့စဉ် လာရောက်လုပ်ကိုင်ပါတယ်၊ တစ်နေ့ကို ပျမ်းမျှအားဖြင့် ဝင်ငွေကတော့ (၃၀၀၀)ကျပ် ရရှိပါတယ်၊ ဒီလုပ်ငန်းလေးလုပ်တော့ အိမ်စရိတ်သက်သာစေပြီးတော့ အပိုဝင်ငွေလည်းရရှိပါတယ်၊ ယခုဆိုရင် ကိုဗစ်-၁၉ ရောဂါက လူစုလူဝေးများပြားတဲ့နေရာတွေမှာ ကူးစက်နိုင်တာဖြစ်တဲ့အတွက် အိမ်မှာလည်း နေရင်း မိသားစုဝင်ငွေလည်းရရှိတာပေါ့၊ ဒါကြောင့်မလို့ ဒီတံမြတ်စည်းလုပ်ငန်းလေးမှာဘဲ နေ့စဉ် လာရောက်လုပ်ကိုင် ဖြစ်ပါတယ်ဟု တံမြက်စည်းလုပ်ငန်း လာရောက်လုပ်ကိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
နိုင်လင်း(လှည်းကူး)