ကမမောင်းမြို့တွင် ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ တန်ဆောင်မုန်းလပြည့်နေ့ မသိုးသင်္ကန်း(ယက်)ကပ်လှူပူဇော်ပွဲနှင့် စတုဒိသာများကျွေးမွေး

ကမမောင်း နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဝါလကင်းလွတ်သီတင်းကျွတ် မီးထွန်းပွဲတော်အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့်အခါကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများနှင့် အာဟာရ ဒါန စတုဒိသာများဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။

ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ်၍ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ မသိုးသင်္ကန်း (ယက်)ကပ်လှူပူဇော်ပွဲများ ကျင်းပပြုလုပ်ရာ ဘုရား၊ ပုထိုး၊ စေတီများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ရာ ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရားပွားများနာယူလျက်ရှိကြောင်း သိရသည်။

တင်တင်လှ