ဘားအံ နိုဝင်ဘာ ၈
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲကို ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ ယမန်နေ့ညပိုင်းတွင် ဒုံးအကပြိုင်ပွဲတတိယညကို ဒုံးစင်မြင့်ထက်၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။
ကရင့်ရိုးရာဒုံးအကပြိုင်ပွဲ တတိယညအနေဖြင့် ဘားကပ်၊ ဝတ်ကြီး၊ ကော့ကရိတ်၊ ဂျိုင်း-ဖာသပြင်၊ ဖာပွန်၊ မိဇံ၊ မြဝတီ၊ ရွှေကုက္ကိုယ်၊ အိန္ဒု တိုက်နယ်၊ မြို့နယ်၊ ခရိုင်ကိုယ်စားပြုဒုံးအဖွဲ့များက မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာပြခန်းများ၊ ယဉ်ကျေးမှုပြခန်း၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ အသေးစားစက်မှုလက်မှုပြခန်းများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲများ၊ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ၊ အားကစားပြိုင်ပွဲများ၌ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိရာ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)