(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုများချီးမြှင့်

ဘားအံ   နိုဝင်ဘာ ၈

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ထူးချွန်ဆုများပေးအပ်ချီးမြှင့်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ထူးချွန်ဆုများ ပေးအပ်ခြင်းအားဖြင့် ကာယကံရှင်များကိုယ်တိုင် မိမိကိုယ်ကိုဂုဏ်ယူနိုင်စေရန်နှင့် အခြားသောသူများလေးစား အားကျအတုယူနိုင်ပြီး ပြည်နယ်အတွင်းထူးချွန်သူများ ဆင့်ကဲပေါ်ထွန်းလာစေကာ ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အတိတ်သင်ခန်းစာများမှ ကောင်းမွန်သည့်အရာများကိုထုတ်နှုတ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးကို အားစိုက်လုပ်ကိုင်လာကြသည့်အတွက် ထိုက်သင့်သည့်အောင်မြင်မှုများရရှိနေပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိသည့်ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သည့်ထူးချွန်ဆု ရရှိကြသည့်သူများအနေဖြင့်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ထူးချွန်သူများကို အားကျအတုယူပြီး ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သည့် မျိုးဆက်သစ်လူငယ်များ ဆက်လက်ပေါ်ပေါက်လာစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု၊ ပညာရေးဆိုင်ရာ ထူးချွန်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆု၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်ထူးချွန်ဆု၊ စိုက်ပျိုးရေးတောင်သူထူးချွန်ဆု၊ မွေးမြူရေးတောင်သူထူးချွန်ဆု၊ ဌာနဆိုင်ရာများမှထူးချွန် ဝန်ထမ်းဆု၊ အားကစားထူးချွန်ဆု၊ ကြက်ခြေနီထူးချွန်ဆု၊ ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြောနှင့် သင်တန်းများတွင် ထူးချွန်ဆု၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အသင်းအဖွဲ့ဂုဏ်ပြုဆု၊ ကုသွယ်လုပ်ငန်းခွန်အများဆုံး ထမ်းဆောင်သည့်ဆု၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ အထူးကုန်စည်ခွန်အများဆုံး ထမ်းဆောင်သည့်ဆု၊ ပြခန်းဆု အစရှိသည့် ဆုပေါင်း ၁၄၁ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထူးချွန်သူရရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)